ကဲ.....သူငယ်ချင်းတွေ မနက်ဖြန် ဘာနေ့လဲ သိလား။ကမ္ဘာ့ အမေများနေ့ပေါ့ဗျာ။13.5.2012 ရက်နေ့ပေါ့ဗျာ။မြန်မာနိုင်ငံမှာ စခဲ့တဲ့ ဘဘဦးသုခ ပြုလုပ်ခဲ့တဲ့ အမေများနေ့ကတော့ ပြာသိုလပြည့်နေ့ ဖြစ်ပါတယ်ဗျာ။ချစ်သူတွေ အတွက် ချစ်သူများနေ့ဆိုပြီး ရှိသလို ကျွန်တော်တို့ကို မွေးထုတ်ပေးခဲ့တဲ့ မိခင်အတွက်လဲ အမေများနေ့ဆိုတာ ရှိပါတယ်ဗျာ။ကျွန်တော်တို့တွေ ချစ်သူများနေ့ကိုကျတော့ မမေ့ကြဘူးနော်။အမြဲလဲ သတိရနေတက်ကြပါတယ်။ကျွန်တော်တို့ကိုမွေးတဲ့ အမေများနေ့ကို ကျတော့ ဘာလို့ သတိမရကြတာလဲဗျာ။အဲ့ဒါ ကျွန်တော် စဉ်းစားလို့မရဘူးဗျာ။ဝမ်းလဲ နည်းမိပါတယ်။သူငယ်ချင်းတွေ ကိုကျွန်တော် မေးခွန်းလေး ရိုးရိုးလေး တစ်ခုမေးချင်ပါတယ်ဗျာ။အဲ့ဒါကတော့ အမေများနေ့မှာ သူငယ်ချင်းတွေကို မွေးခဲ့တဲ့ အမေအတွက် လက်ဆောင်လေး တစ်ခုပေးဖူးရဲ့လားဆိုတာပါပဲ။လက်ဆောင်ပေးဖို့ မတိုက်တွန်းချင်သေးပါဘူးဗျာ။``အမေ နေကောင်းရဲ့လား အမေ ဘာလုပ်နေတာလဲ အမေဘာစားချင်လဲ အမေ အိမ်အလုပ်တွေ လုပ်နေရတာ ညောင်းနေပြီလား သား နှိပ်ပေးရမလား ဘယ်နားနာသေးလဲ´´ လို့ မေးဖူးကြရဲ့လားဗျာ။ကျွန်တော် ပြောသလိုလေးပဲ မိမိ အိမ်ရောက်ရင် အမေ့ကို အများကြီးမဟုတ်ရင်တော့ အမေဘာစားမလဲ ဆိုတဲ့ မေးခွန်းလေးတစ်ခုပဲ မေးလိုက်ပါ။အဲ့ဒီ အခါ အမေဟာ ဘယ်လောက်ထိ သူ့စိတ်ထဲမှာ ဘယ်လောက် ကျေနပ်သွားလိုက်မလဲဗျာ။အော်.......ငါ့ သားလေး သမီးလေး က အမေ့ကို သိတက်သားပဲ ဆိုပြီးတော့ပေါ့ဗျာ။ကိုယ့် အမေကို စိတ်ချမ်းသာအောင် လုပ်ပေးရင်း ကျေးဇူးဆပ်လိုက်ကြပါဗျာ။ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားတောင် သူ့အမေ ကို နို့တစ်လုံးဖိုးပဲ ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ကလဲ ကိုယ့် အမေကို ကိုယ်တက်အားသရွှေ့လေး ဖြစ်ဖြစ် ကျေးဇူးဆပ်သင့်ပါတယ်ဗျာ။ကိုယ့် အမေ စိတ်ဆင်းရဲအောင်တော့ မလုပ်ကြပါနဲ့လို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျာ။မိဘ မျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက် ဆိုတဲ့ စကားပုံလေးလဲ ကြားဖူးလောက်မှာပါ။ကိုယ့် အမေကတော့ ကိုယ့်သားသမီးတွေ မျက်နှာ ပျော်ရွှင်နေတာ ပြုံးနေတာကိုပဲ ဘယ်မိဘ မဆိုမြင်ချင်ကြမှာပါပဲ။ကျွန်တော်တို့ ကလဲ တစ်ဖန် ကိုယ့် မိခင် ရဲ့ မျက်နှာလေး ပြုံးပျော်နေအောင် မလုပ်ပေးသင့်ဘူးလားဗျာ။ အမေ ဆိုတာ လူတိုင်းအတွက် မရှိမဖြစ်ပါပဲ။အမေ မရှိပဲ မွေးလာတဲ့ သားသမီးရယ်လို့ မရှိပါဘူး။အမေ ဆိုတာ လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာပုံကြီးလို့လဲ ပြောလို့ရပါတယ်ဗျာ။ကျွန်တော် စာရေးသိပ်မတော်တာတော့ ခွင့်လွှတ်ပေးပါဗျာ။မိခင် မေတ္တာကို တကယ်တည်း စာဖွဲ့မယ်ဆိုရင်တော့ စာဖွဲ့လို့ မမှီပါဘူးဗျာ။မိခင် မေတ္တာဟာ မြင့်မိုရ်တောင်တက်မက ကြီးမားလှပါတယ်ဗျာ။အမေများနေ့မှာ ကျွန်တော်ချစ်တဲ့ အမေ အတွက် ကျွန်တော် ရေးထားတဲ့ ကဗျာလေး တစ်ပုဒ်လက်ဆောင် အနေနဲ့ ပေးပါရစေဗျာ။
(အမေ)
ဘ၀မှာဖြတ်သန်းမှုတွေအမျိုးမျိုးနဲ့ ဘ၀တိုက်ပွဲကြီးကို ကံ၊ညဏ်၊၀ီရိယ
စစ်သူကြီးသုံးဦးက ဦးဆောင်တိုက်ခိုက်နေကြတယ်..
အမေပေးတဲ့ အသိလေးနဲ့  ငါလူဖြစ်ခဲ့ရင်း ရောင်စုံပန်ချီကားအောက်မှာ
ဆေးစက်ကျရာအရုပ်ထင် ရေးနေကြရတယ်လေ
အပုပ်ကောင်ကို သရုပ်ဆောင်တဲ့ငါတို့ ရုပ်ခန္ဒာတွေကိုလည်း
ရုပ်ပြောင်မဖြစ်အောင်လည်း အမေအလှဆင်ပေးခဲ့တယ်
အဟံဝန္ဒာမိပါအမေ.....!
စေတနာကိုသေချာမသိပဲ ပေတစ်ရာပေါ်က ဂေါ်လီလုံးလို
လိမ့်ချင်ရာလိမ့်ခဲ့ကြမှာပါ
လက်ချောင်းညီညာမှုမရှိတဲ့ လူ့လောကထဲမှာ
အပျံသင်စငှက်တစ်ကောင်လိုလည်း
ပြုတ်ကျခဲ့တာအကြိမ်ကြိမ်ပေါ့...
ဘ၀တစ်ဆစ်ချိုးမှာ အပေါ်ယံအချစ်မျိုးတွေနဲ့ပုံမှားရိုက်တာခံခဲ့ရလို့
စိတ်ညစ်လို့အမေ့ကိုတမ်းတ လွမ်းခဲ့မိပါတယ် အမေ။
အဲ့ဒီ နောက်တော့ အသိတစ်ချက်ဆေးတစ်ခွက်အဖြစ်သောက်သုံးရင်း
မနက်ဖြန်အတွက် ဘ၀အသစ်ကို အုတ်မြစ်ရနိုင်ခဲ့တယ်လေ။
အမေ ကျွန်တော်ဟာ ခလုတ်ထိမှ အမိတတဲ့သားလေးပါအမေ
သားကို နားလည်ပေးပါနော်။
သား သိလိုက်ပြီ (အမေ) (ဘ၀)ဆိုတာကို
အမေပေးတဲ့ အသိလေးကို တစ်ကျော့ပြန် ပြန်ကျက်ပြီး
(လု၊လူ၊လူး) ဆိုတဲ့ လူသုံးမျိုးတွေနဲ့ နေတက်အောင်ကြိုးစားနေပါပြီ အမေ
လူ့ဘ၀ကြီးထဲကို ခေါ်ဆောင်အသက်သွင်းပေးတဲ့အမေရေ
သားလေး လက်အုပ်မြင့်မိုးရှိခိုး ကန်တော့လိုက်ပါတယ် ခင်ဗျာ။
မေမေ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ နေနိုင်ပါစေလို့ သားလေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
အမေ ရေ သားအတွက် အမေဟာ ဘယ်သူဖြစ်နေပါစေ အမေဟာ အမေပါပဲ။ဘာဖြစ်လို့လဲ ဆိုတော့ အမေဟာ သားကို မမွေးခင် သားရဲ့ ကိုယ်လုံးလေး ကို ကိုးလလုံးလုံးအလေးခံပြီး သွယ်ပေးထားရတယ်လေ။ပြီးတော့ အမေ သားကို မမွေးခင်ပဋိသန္ဓေ ရှိတယ်ဆိုကတည်းက အမေစားချင် တဲ့ အစားအစာတွေ အချဉ်အစပ်တွေ ကောင်းကောင်းမစားခဲ့ရဘူးလေ။ငါ ဒီဟာတွေကို စားရင် ငါ့ ဗိုက်ထဲက သားလေး သမီးလေး များ တစ်ခုခုဖြစ်နေမလားဆိုပြီး စိုးရိမ်နေတာကို အမေ့ရဲ့ မေတ္တာကို သားလေး ရခဲ့ပါတယ်။အမေ့ဗိုက်ထဲမှာ သားကို ပဋိသန္ဒေယူတယ်ဆိုကတည်းက သင်္ချီုင်းဂုန်းကို ကိုး ကြိမ် တိတိ မျက်စောင်းထိုးခဲ့ရသေးတယ်နော်။ပြီးတော့ သားကို လူ့လောက ထဲကို သားမမြင်ဘူးတာတွေ မသိတာတွေ ကို သင်ကြားပြသပေးပြီး ဆွဲခေါ်ပေးခဲ့တဲ့ ``မေမေ´´ ရေ သားလေး ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။အမေ ရေ နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ လို့ပြောပါရစေ။သားအတွက် အမေဟာလေ ဘာသာခြားရယ်လို့ မရှိပါဘူး အမေ အမေမှန်ရင်လေ သားအတွက်တော့ အမေဟာ အမေပါပဲ။အမေ ဟာလေ ကျွန်တော့ မျက်စိထဲမှာ မိန်းမရွှင်ဖြစ်နေပါစေ အမေဟာ အမေပါပဲ။အမေဟာ ဘယ်လောက်ထိ စိတ်ဓာတ်မကောင်းပါစေ သားအတွက်တော့အမေဟာ အမေပါပဲ။အမေမှာ နူနာရောဂါ စွဲကပ်နေပါစေ သားအတွက်တော့ အမေဟာ အမေပါပဲ။လူတွေ က အမေ့ကို ဘယ်လောက်ထိ မကောင်းပြောပါစေ သားအတွက်တော့ အမေဟာ အမေပါပဲ အမေရယ်။အမေ မေတ္တာဟာ သားအတွက်တော့ စမ်းရေထက်မက အေးမြလှပါတယ် အမေရယ်။ဘာပဲ ဖြစ်ဖြစ် အမေ မေတ္တာကို စာဖွဲ့ရင် လောက်မှာတောင် မဟုတ်ပါဘူး အမေရယ်။ဘာပဲ ဖြစ်ဖြစ် သား ဒီ Post လေးတင်ရင်း အမေကို သား လက်အုပ်မြင့်မိုး ရှိခိုး ကန်တော့ပါတယ် အမေရယ် သားကို လူပုံအလယ်မှာ လူတွေကြားထဲ ၀င်ဆံ့နိုင်အောင် မွေးထုတ်ပေးခဲ့ပြီး သား ဒီအရွယ်ထိရောက်အောင် ပညာတွေသင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့လို့လေ။အမေ့ မေတ္တာ အေးအေးမြမြလဲ သားရခဲ့ပါတယ်။ကျေးဇူးလဲ တင်လို့မဆုံးပါဘူး အမေရယ်။သား အရမ်းပျော်တယ် အမေ မနက်ဖြန် ကျရောက်မဲ့ အမေများနေ့မှာ အမေ့အတွက် အမှတ်တရ Post လေးတစ်ခုကို သားရင်ထဲကနေ မှတ်မှတ်ရရ တင်ပြနိုင်ခဲ့လို့လေ။
မေမေ့ ရဲ့ အချစ်ဆုံးသားလေး
(Yekyawphyo)

0 /မှတ်ချက်ပေးခဲ့တယ်:
Post a Comment
သင် ရေးခဲ့သောစာတစ်ကြောင်း ရေးသားသူမှာအားအင်များဖြစ်ထွန်းရပါတယ်...
ဆက်သွယ်လိုပါက whiteheartcity.blogger@gmail.com